ဧရာဝတီလင်းပိုင်


မြန်မာလူမျိုးအများစုသည် ဧရာဝတီမြစ်အတွင်း၌ "လင်းပိုင်" များရှိကြောင်း မသိရှိကြသေးပေ။ သို့သော်လည်း မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ဧရာဝတီတွင် ရှင်သန်ကျက်စားကြသော "လင်းပိုင်" များသည် ကျွန်တော်တို့အတွက် ဒဏ္ဍာရီ ပုံပြင်အနေဖြင့်သာမဟုတ်၊ ဒေသစီးပွားရေးနှင့်လည်း ပတ်သက်ဆက်နွယ်လျက် ရှိပါသည်။ ဧရာဝတီမြစ်အတွင်းမှ လင်းပိုင်များနှင့်ပတ်သက်၍ ပထမဦးဆုံးတွေ့ရှိရသော မှတ်တမ်းမှာ အေဒီ ၈၀၀ ခုနှစ်ဝန်းကျင်ခန့်က တရုတ်ဘာသာဖြင့် ရေးသားထားသော 'New T'ang History' ဟူသည့် စာတမ်းဖြစ်သည်။ ယင်းစာတမ်းထဲတွင် "လင်းပိုင်" များကို "မြစ်တွင်းဝက်များ" ဟု သုံးနှုန်းထားပြီး ယခု မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့် နေရာတွင် အခြေချနေထိုင်ခဲ့သော ပျူလူမျိုးများအကြား ရောင်းဝယ်ဖောက်ကားမှုရှိကြောင်း ဖော်ပြထားပါသည်။

ထိုစဉ်ကတည်းက မြန်မာသူမြန်မာသားများနှင့် "ဧရာဝတီလင်းပိုင်" တို့အကြား ဆက်နွယ်ပတ်သက်မှုသည် လေးစားစွာဖြင့်ဆက်ဆံသော အနေအထားမျိုးဖြစ်ပြီး ၁၉ ရာစုနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော သဘာဝသမိုင်းလေ့လာသူ အင်္ဂလိပ်လူမျိုး 'ဂျွန်အင်ဒါဆင်' ကလည်း ဒေသခံတံငါသည်များ၏ "ဧရာဝတီလင်းပိုင်"များအပေါ်ထားရှိသော လေးစားမှုကို ညွှန်ပြပြောဆိုခဲ့ပါသည်။

နိမိတ်ကောင်းအဖြစ် သတ်မှတ်ယူဆခံရသော"ဧရာဝတီလင်းပိုင်"များသည် ရှေးကာလကပင် ရေနစ်သောသူများအား ကယ်တင်ပေးသောသတ္တ၀ါဖြစ်ကြောင်း တံငါသည်များစွာက ပြောကြားကြပါသည်။ ဒေသတွင်း ဒဏ္ဍာရီပုံပြင် အဆိုအရ ရွာနားတွင် လင်းပိုင်တစ်ကောင်၏ သွေးများမြင်တွေ့ရလျှင် ယင်းနှစ် မိုးရာသီနှောင်းပိုင်း၌ ရွာပျက်မည်ဟု သဘောသက်ရောက်သည်။ ပိုက်ကွန်၌ လင်းပိုင်များမိနေလျှင် လွှတ်ပေးကြပြီး အကယ်၍ မတော်တဆ ရေနစ်သေဆုံးသော လင်းပိုင်များရှိပါက ၄င်း၏အဆီလွှာများကို ဆေးဖက်ဝင် အဖိုးတန်ပစ္စည်းအဖြစ် တန်ဖိုးထား သုံးစွဲခြင်းဖြင့် ဧရာဝတီလင်းပိုင်များအပေါ် ဒေသခံတို့က အလေးထားခဲ့ကြပေသည်။

ယနေ့တိုင်တံငါသည်မျိုးရိုးစဉ်ဆက် ထိုအတိုင်းပင် လိုက်နာဆောင်ရွက်လျက် ရှိနေပေသေးသည်။ တံငါသည်များ ပြောကြသည်မှာ လူသားနှင့် လင်းပိုင်တို့ အတူပူးပေါင်း ငါးရှာခြင်းကို ရှေးမျိုးဆက်များစွာကပင် ပြုလုပ်လာခဲ့ကြသော်လည်း မည်သည့် အချိန်က စတင်ခဲ့ကြောင်း မည်သူမျှ မပြောနိုင်ကြပါ။ ထိုသို့ ပူးပေါင်းဆောင်ရွက်ရာတွင် ဆက်သွယ်သည့်နည်းမှာ အဓိကကျသည်။ တံငါသည်များသည် ကွန်ပစ်ရန် အဆင်သင့်ဖြစ်ပြီဟု လင်းပိုင်များအား အချက်ပြလိုလျှင် ၄င်းတို့၏လှေအား သစ်သားလုံးတစ်ခုဖြင့် ခုနစ်ကြိမ် အသာအယာရိုက်ခတ်၍ အသံပြုကြသည်။ လင်းပိုင်များ လှေနားသို့ ချဉ်းကပ်လာသည်အထိ ထိုသို့ ပြုလုပ်ကြသည်။ ပြီးနောက် ၄င်းတို့အား သာမန် ကွန်ပစ်သော တံငါသည်များဖြစ်ကြောင်း မှတ်မိစေရန်နှင့် ပရမ်းပတာငါးဖမ်းကြသည့် တံငါသည်များနှင့် ကွဲပြားစေရန် ၄င်းတို့၏ပိုက်ကွန်များကို လှေပေါ်တွင် စုပုံတင်ထားပြီး ကြက်ဆင်တွန်သံကဲ့သို့ စူးရှသောအသံမျိုးဖြင့် လင်းပိုင်များအား ငါးဖမ်းတော့မည်ကို အချက်ပြကြပါသည်။ လင်းပိုင်များ ငါးဖမ်းလိုစိတ် ရှိမရှိ စူးစမ်းမေမြန်းခြင်းဖြစ်ပါသည်။

အကယ်၍ လင်းပိုင်များ ငါးဖမ်းလိုစိတ်ရှိပါက ယင်းတို့၏ ဆူးတောင်(အမြီး)ဖြင့် ရေမျက်နှာပြင်ပေါ် အသာအယာ လှုပ်ခတ် အချက်ပြကြသည်။ တံငါသည်လှေများအနေဖြင့် လင်းပိုင်၏နောက်သို့ လိုက်ပါရန် အချက်ပြခြင်းပင်ဖြစ်သည်။ တံငါသည်များ လှော်ခတ်လိုက်ပါလာနိုင်လောက်သည့် သွားနှုန်းမျိုးဖြင့် တံငါလှေကို ဦးဆောင်ခေါ်ယူသွားပြီး ရပ်နားရမည့်အချိန်နှင့် ကွန်ပစ်ရမည့်အချိန်ကို အချက်ပြရန်အတွက် ယင်းတို့၏ ဆူးတောင်ကို မြှောက်ပြပြန်ပါသည်။ ယင်းနောက်တွင် လင်းပိုင်များသည် ငါးအုပ်ကို ပိုက်ကွန်အတွင်း မောင်းသွင်းပါတော့သည်။ တံငါသည်များအနေဖြင့် တစ်နေ့လုံးလုံး ပိုက်ချပါမှ ဖမ်းမိနိုင်မည့် (၁၀) ပေါင်မှ ပေါင် (၃၀) ခန့်အလေးချိန်ရှိသော ငါးများကို လင်းပိုင်များ၏ အကူအညီဖြင့် တစ်နာရီခန့်အတွင်း၌ပင် ဖမ်းဆီးရရှိနိုင်ကြောင်း ပြောကြားကြသည်။

ငါးဖမ်းရာ၌ ကူညီကြသော လင်းပိုင်အများစုမှာ "အမ" များဖြစ်ကြပါသည်။ အချို့လင်းပိုင်များမှာ ၄င်းတို့မှတ်သားထားသော တံငါသည်တစ်ချို့နှင့်သာ ပူးပေါင်း ဆောင်ရွက်ကြသည်။ အကောင်းဆုံး ငါးဖမ်းလင်းပိုင်အဖြစ် တံငါသည်အားလုံးက အသိအမှတ်ပြုကြသည့် ထူးခြားသောလင်းပိုင် "ဂိုးတမ"(Gotama) ကဲ့သို့သော လင်းပိုင်မျိုးဆိုလျှင် မည်သည့်တံငါသည်နှင့်မဆို ပူးတွဲဆောင်ရွက်မည်ဖြစ်ပြီး အကောင်းဆုံးလမ်းကြောင်းများကို ဖြတ်သန်း၍ တံငါလှေများကို ခေါ်ဆောင်သွားပေလိမ့်မည်။

လင်းပိုင်များ၌ ပဲ့တင်သံဖြင့် တည်နေရာကို ရှာဖွေသိရှိနိုင်သော စွမ်းရည်ရှိပြီး အသံမှတစ်ဆင့် ၄င်းတို့၏ ပတ်ဝန်းကျင်လောကကို တွေ့မြင်သည်ဟု ဆိုကြသည်။ လင်းပိုင်များ၏ နဖူးပြင်အောက်၌ နစ်မြုပ်တည်ရှိနေသည်များမှာ အချက်ပြအသံကို ဖြစ်ပေါ်စေနိုင်သော 'လေအိတ်များ' ဖြစ်ပြီး ယင်းအသံဖြင့် အဝေးရှိ အရာဝတ္ထုများကို သိရှိနိုင်သည်။ အရာဝတ္ထများအား ထိခတ်၍ပြန်လာသော ပဲ့တင်သံကို အသံရုပ်ပုံ အဖြစ် ဖန်တီးရန် မေးရိုးဖြင့်ဖမ်းယူပြီး ပတ်ဝန်းကျင်ကို ခွဲခြမ်းစိတ်ဖြာသည်။ ဤသို့ဖြင့် လင်းပိုင်များသည် လူသားများအဖို့ အကောင်းဆုံး ငါးဖမ်းဖော် ဖြစ်လာပေတော့သည်။

"ဧရာဝတီလင်းပိုင်" များနှင့် အရှေ့တောင်အာရှ၏ ဒေသနှစ်ခုတွင် ရှင်သန်ကြသော ယင်းတို့၏ ညီနောင်လင်းပိုင်တို့သည် ရေချိုနှင့်ရေငန် ပတ်ဝန်းကျင်နှစ်နေရာစလုံးတွင် ထူးထူးခြားခြား ရှင်သန် နေထိုင်နိုင်ကြသည်။ သို့ရာတွင် လင်းပိုင်များ ပင်လယ်ကမ်းရိုးတန်း ရေနယ်နိမိတ်ကို စွန့်ခွာပြီး ရေချိုမြစ်များဖြစ်သော

  1. မြန်မာနိုင်ငံမှ ဧရာဝတီမြစ်
  2. ဗီယက်နမ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံတောင်ပိုင်းဒေသတို့ကို ဖြတ်သန်းစီးဆင်းနေသော မဲခေါင်(Mekong)မြစ်
  3. အင်ဒိုနီးရှားနိုင်ငံ ကာလီမန်တန်(Kalimantan) နယ်၏ မဟန်ခန်(Mahankan) မြစ်

စသော မြစ်သုံးစင်းတွင် အဘယ့်ကြောင့် ၀င်ရောက်လာခဲ့ကြသည်ကိုမူ မည်သူမျှ မသိကြပါ။ ဤသို့ ပင်လယ်ပြင်မှ မိုင်ပေါင်း ရာချီအောင် ရွှေ့ပြောင်းလာခဲ့ခြင်းက ယင်းမြစ်သုံးစင်း၌ ရှင်သန်ကျက်စားကြသော လင်းပိုင်များကို ၄င်းတို့နှင့်မျိုးတူ ပင်လယ်နေလင်းပိုင်များနှင့် ကွဲပြားသွားစေခဲ့ပြီး ယခုအချိန်တွင် ၄င်းတို့အား ကမ္ဘာပေါ်၌ မျိုးပြုတ်ပျောက်ကွယ်တော့မည့် အန္တရာယ်ရင်ဆိုင်နေရသော လင်းပိုင်မျိုးစိတ်အဖြစ် သတ်မှတ်ခံထားရပါသည်။

၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း သုတေသီများမှ ပြုလုပ်သော စစ်တမ်းတစ်ခု၌ ဖော်ပြပါရှိသည့် လင်းပိုင်ကောင်ရေ အမြောက်အများသည်ပင်လျှင် ၁၉၉၈ စစ်တမ်းနှင့်နှိုင်းယှဉ်ကြည့်ပါက ၃၅% လျော့နည်းသွားပြီဖြစ်ကြောင်း မြင်တွေ့ရပါသည်။ လင်းပိုင်ကောင်ရေ လျော့နည်းသွားသကဲ့သို့ ၄င်းတို့ ရှင်သန်ကျက်စားရာ နယ်ပယ်ဒေသမှာလည်း ကျုံ့ဝင်ကျဉ်းမြောင်းသွားကြောင်း Mr. Anderson ၏ မှတ်တမ်းထဲ၌ ဖော်ပြထားသည်။ ဆိုးရွားလှသော ဤအခြေအနေများကြောင့် ၂၀၀၅ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့(International Union for the Conservation of Nature"(IUCN) အနေဖြင့် "ဧရာဝတီလင်းပိုင်"များကို မျိုးပြုတ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျိုးစိတ်အဖြစ် သတ်မှတ်ခဲ့ပါသည်။ မန္တလေးမြို့မြောက်ဖက်နားအထိဆိုလျှင် ၁၁၅ ကီလိုမီတာရှိသော မြစ်ကြောင်းကိုလည်း လင်းပိုင်ထိန်းသိမ်းကာကွယ်ရေးဇုန် အဖြစ် တစ်ဆက်တည်း သတ်မှတ်ခဲ့ပါသည်။ "ဧရာဝတီလင်းပိုင်"များနှင့်ပတ်သက်၍ ဤဆောင်ရွက်ချက်သည် ကမ္ဘာပေါ်တွင် ပထမဆုံးသော ဆောင်ရွက်ချက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံးသော မြစ်တွင်းအမျိုးသားဥယျာဉ်(River National Park)ပင် ဖြစ်ပါသည်။

"ဧရာဝတီလင်းပိုင်"များအား အဓိကခြိမ်းခြောက်နေသည်မှာ တရားမ၀င် ငါးဖမ်းသည့် လုပ်ရပ်များပင်ဖြစ်သည်။ ကွန်ပစ်ငါးဖမ်းခြင်းအစား လက်လွတ်စပယ် အဆင်အခြင်မဲ့စွာ ပိုက်ထောင်ငါးဖမ်းမှုများ များပြားလာပြီး လျှပ်စစ်ဖြင့်ငါးဖမ်းခြင်းလည်း များပြားလာလျက်ရှိသည်။ အဆင်အခြင်မဲ့သော လုပ်ရပ်များထဲတွင် ဗို့အားမြင့်လျှပ်စစ်အသုံးပြုပြီး ရှော့ခ်ရိုက်ခြင်းလည်း ပါဝင်ပေသည်။ ယင်းလျှပ်စစ်ဗို့အားမှာ ၁၀ပေ ၁၅ပေခန့် အ၀န်းအ၀ိုင်းအတွင်းရှိ ရေသတ္တ၀ါများကို သေဆုံးစေနိုင်သည်။ ရှော့ခ်ရိုက်ပြီးလျှင် တံငါသည်များအနေဖြင့် ရေမျက်နှာပြင်ပေါ်တွင် ဘောလောပေါ်လာသော ငါးအသေကောင်များကို သယ်ယူရုံပင်ဖြစ်သည်။ မိုင်းခွဲငါးဖမ်းခြင်း၊ ပိုးသတ်ဆေးများ အလွဲသုံးစားပြုခြင်းနှင့် အင်းဆက်ပိုးသတ်ဆေးများ အသုံးပြုခြင်းတို့သည်လည်း ပြသနာများပင်ဖြစ်သည်။

ထို့ကြောင့် တံငါသည်များအနေဖြင့် မိမိတို့၏ ၀မ်းရေးအတွက် ငါးဖမ်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ထိုက်သင့်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာ ရှိသင့်ပါသည်။ အဆင်အခြင်မဲ့စွာ ပြုမူဆောင်ရွက်ပါက လူသားများအား အကျိုးပြုသည့် ရေသတ္တ၀ါမျိုးစိတ်တို့ကို အကျိုးမဲ့ ထိခိုက်နိုင်ပါသည်။

ဧရာဝတီမြစ်ကြီးအတွင်း နှစ်ပေါင်းကာလရှည်ကြာစွာ ရှင်သန်နေထိုင်ခဲ့ကြပြီး လူသားများအပေါ် ငါးဖမ်းဖော်အဖြစ် အစဉ်အဆက် အကျိုးပြုလျက်ရှိသည့် ဧရာဝတီမြစ်တွင်းမှ "ဧရာဝတီလင်းပိုင်"များ မျိုးတုန်းပျောက်ကွယ်မည့်အန္တရာယ်မှ ကင်းဝေးအောင် မြန်မာပြည်သားတို့ ဆင်ခြင်ကြံဆ ထိန်းသိမ်းကာကွယ် စောင့်ရှောက် ကြရပါမည်ဖြစ်ပါကြောင်း "ဧရာဝတီလင်းပိုင်"များအား ဂုဏ်ပြုတင်ဆက်လိုက်ရပါသည်။

နေတစ်စင်း





Power by Duo-Motion