ဇာတ်ရုပ်ပီပြင်သော သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်သူ အောင်ရဲလင်း

အနုပညာလောကမှာ နေရာတစ်နေရာ ရဖို့အတွက် ကျသည့်နေရာပီပြင်အောင် ကြိုးစား သရုပ်ဆောင်ခဲ့ပြီး ခုအခါ မဟာထွန်းရုပ်ရှင်ဗီဒီယို ထုတ်လုပ်ရေးနဲ့ ဒါရိုက်တာကြည်ဖြူသျှင်ရဲ့ ဇာတ်ကားတွေမှာ ခေါင်းဆောင် မင်းသားအဖြစ် နေရာတစ်ခုရလာတဲ့ အောင်ရဲလင်း နဲ့ ရိုက်ကွင်းနားချိန်ခဏ ပြောဖြစ်သမျှက

 

Q:     အောင်ရဲလင်း ခုဆို ဒရာမာကားတွေ အရိုက်များတော့ ဒရာမာဇာတ်ရုပ်တွေနဲ့ အသားကျ နေပြီလား...။

A:     ဒရာမာ ကားတွေက ကျွန်တော်စနိုးဝှိုက်မှာတည်းက ရိုက်တာဆိုတော့ ခုတော်တော်တော့ အသားကျ နေပါပြီ...။

 

Q:     မင်းသားငယ်တွေ အများကြီးထဲက အောင်ရဲလင်း ဆိုတာ သိရဖို့အတွက် ဘယ်လိုကြိုးစား ခဲ့ရလဲ။

A:     အောင်ရဲလင်းဆိုတာ ဖြစ်နေဖို့ထက် ကျွန်တော့်ကားတွေမှာ တစ်ကားနဲ့တစ်ကား Character မတူအောင်၊ ပုံစံချိန်းပြီး သရုပ်ဆောင်တယ်။ မကြည်ဖြူသျှင်နဲ့ တိုင်ပင်ပြီးတော့ သရုပ်ဆောင်တယ်။ နောက်ပိုင်းမှာ ဇာတ်ကား များလာလို့ ဆင်ရင်ဆင်လာမှာပေါ့လေ။ ခုတော့ Character တွေ၊ Mood တွေ မထပ်အောင် သရုပ်ဆောင်နေတယ်။

 

Q:     အောင်ရဲလင်း ရဲ့ သရုပ်ဆောင်မှုကနေ ပရိသတ်တွေကို ရသွားစေချင်တဲ့အရာက ......

A:     အဓိက ကတော့ ကိုယ်လုပ်လိုက်တဲ့ Mood အပေါ် သရုပ်ဆောင်လိုက်တဲ့အပေါ် ပရိသတ်ခံစားသွားရ တယ်။ ကျေနပ်သွားရမယ် ဆိုတာ လေးတွေ ပေးချင်ပါတယ် .....

 

Q:     လူငယ်အချစ်ကားတွေ အရိုက်များသူတစ်ယောက်ဖြစ်တော့ အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုတတ်မှာပေါ့ နော်...။

A:     အချစ်ဆိုတာ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ ဘယ်လောက်ပဲ ကြမ်းကြုတ်ရက်စက်တတ်တဲ့သူ ဖြစ်နေပါ စေ၊ အချစ်နဲ့တွေရင် ကဗျာဆရာ ဖြစ်သွားတတ်တယ်တဲ့ ... အချစ်ဆိုတာ လူတိုင်း ... လူတိုင်းကို နူးညံ့သိမ်မွေ့စေ ပါတယ်။

 

Q:     ဒါအောင်ရဲလင်းရဲ့ ထင်မြင်ချက်လား။

A:     ဟုတ်ပါတယ်။ အဲလိုပဲ မြင်မိပါတယ်။

 

Q:     ရိုက်ကွင်းပေါ်မှာ လူအများကြီးနဲ့ အဆင်ပြေပြေ အလုပ်လုပ်နိုင်ဖို့ ဘယ်လိုစိတ်မျိုးထားရလဲ ...။

A:     ကျွန်တော် အားလုံးကို တကယ့်မောင်နှမစိတ်နဲ့ပဲ ဆက်ဆံတယ်။ ရှုတင်မှာ မင်းသားပဲဆိုပြီးတော့လည်း မနေတတ်ဘူး ... အားလုံးနဲ့ လိုက်လျောညီထွေစွာနေတယ် ... သူများတွေပြောတာ ကြားဖူးတယ်လေ ... အရင်က တစ်မျိုး အခုအဆင်ပြေသွားလို့ ပုံစံအချိုးတစ်မျိုး ပြောင်းသွားတာမျိုး ရှိတယ်လေ ... ကျွန်တော် အဲလိုမျိုး မလုပ် တတ်ပါဘူး ... အရင်တည်းက ဒီစိတ်ပဲ ...။ တစ်ခုပဲ ပြောင်းလဲသွားတယ် ...။ အဲဒါက အရင်ကထက် ပိုပြီးတော့ ကြိုးစားမယ်ဆိုတာပါပဲ...။

 

Q:     ဇာတ်ကားတစ်ကားကောင်းဖို့အတွက် ခေါင်းဆောင်မင်းသားအပေါ် အများကြီးမူတည်တယ်ဆိုတဲ့ အပေါ်ရော ဘယ်လို နားလည်ထားလဲ...။

A:     ဇာတ်ကားတစ်ကား ကောင်းဖို့အတွက် ခေါင်းဆောင်မင်းသားပေါ် မူတည်တယ်ဆိုတာ ဟုတ်ပါတယ် ...။ ကျွန်တော်ထင်သလောက်ကတော့ မင်းသားက ၅၀% အရေးကြီးသလို ကျန်တဲ့ဒါရိုက်တာ မင်းသမီးတွေ ၅၀% အရေးကြီးတာပေါ့နော် ...။

 

Q:     ဇာတ်ကားတွေ ရွေးချယ်တဲ့အခါရော ကိုယ်တိုင်ရွေးချယ်ခဲ့တာပဲလား။

A:     ကျွန်တော့်ဇာတ်ကားတွေကို ကိုယ်တိုင်စိစစ်ရွေးချယ်တာမျိုးတော့ မရှိဘူး...။ ကျွန်တော်ကို မကြည်ဖြူသျှင် ကပဲ ရွေးပေးတယ် ...။ ကျွန်တော် အစ်မကို ယုံပါတယ်...။ အစ်မသည် ကျွန်တော့်ကို အကောင်းဆုံးဖြစ်အောင်ပဲ ရိုက်ပေးနေတော့ သူရွေးပေးတဲ့ဇာတ်တွေပဲ ကျွန်တော်ရိုက်ဖြစ်ပါတယ်။

 

Q:     အောင်ရဲလင်းဆိုတာ ပရိသတ်အတွက် ဘယ်လိုအနုပညာရှင်မျိုး ဖြစ်ချင်လဲ ...။

A:     ကျွန်တော့်သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်အတွက် ဇာတ်ရုပ်ပီပြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင် ပါတယ် ...။

 

Q:     အရင်က ကျတဲ့နေရာ သရုပ်ဆောင်ပြီး ခုခေါင်းဆောင်မင်းသား ဖြစ်လာတဲ့အခါ အလုပ်အပေါ် တာဝန်ယူမှု ကွာခြားလာပြီလား။

A:     ကျွန်တော်အရင်က လုပ်ခဲ့တဲ့ အလုပ်အပေါ်မှာလည်း စေတနာထားခဲ့တယ်။ ရတဲ့နေရာလေးမှာ ပီပြင်အောင် ကြိုးစားလုပ်ခဲ့တယ် ...။ အခုခေါင်းဆောင်ဖြစ်လာတဲ့အခါမှာ ပိုပြီးတော့ ကြိုးစားလာရတယ်။ အရင်ကတော့ လွတ်တဲ့အရာလေး ဟာကွက်လေးတွေရှိတယ်။ ခုခေါင်းဆောင်ဖြစ်လာတော့ ဟာကွက်ဆိုတာမရှိရတော့ဘူးလေ...။ ဒီတော့ ဟာကွက်မရှိအောင် ပိုကြိုးစားရတယ်။ အဲဒါပဲ ပြောင်းလဲသွားတယ်။

 

Q:     ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ်...။

 

သံယောဇဉ်

Power by Duo-Motion