"အမှတ်တရတွေထဲက အလှပဆုံး အမှတ်တရလေးပါပဲ"

ဂီတကို ချစ်မြတ်နိုးကြတဲ့ ဂီတချစ်သူများအတွက် သံစဉ်များကို အသစ်ရှာဖွေတီးခတ်ရင်း ဂီတမျိုးသစ်များအတွက် ၀န်ဆောင်ဖြည့်ဆည်းပေးနေတဲ့ ဂစ်တာပညာရှင် ကိုနိုင်ဇော် (Lazy club) နဲ့ Shwe Gyoe Phyu Media ၀ိုင်းတော်သားများ တွေ့ဆုံပြီး ကိုနိုင်ဇော်ရဲ့ 2009 သင်္ကြန်ပွဲ အကြောင်း ပြောကြားခဲ့ပုံကို ပရိတ်သတ်များ အတွက် ဖြန့်ဝေလိုက်ပါတယ်။


Naing Zaw (Lazy Club)

2009 ခုနှစ် သင်္ကြန်မှာ ဘယ်ပွဲတွေတီးခတ်ဖြေဖျော်ဖို့ရှိပါသလဲ ?

မန္တလေး ရတနာပုံဈေး - Diamond Plazaက လုပ်တဲ့ ကျုံးပတ်လမ်းမှာရှိတဲ့ မဏ္ဍပ်မှာပါ။

 

ဟုတ်ကဲ့ပါ - - ဘယ်အဆိုတော်တွေ ပါဝင်သီဆိုမယ်ဆိုတာ သိရပါသလား ?

သီဆိုမယ့်အဆိုတော်တွေကတော့ ကိုခင်မောင်တိုး၊ ကိုဂျေမောင်မောင်၊ L လွန်းဝါ၊ J-me၊ သဇင်နဲ့ မြို့တော်ဝန်က ဖိတ်ကြားထားတဲ့အဆိုတော်တွေ ပါပါမယ်။

 

တီးခတ်မယ့် Player တွေက ဘယ်သူတွေပါလဲခင်ဗျ ?

တီးခတ်မယ့်သူတွေကတော့ ကျွန်တော်ရယ်၊ Bass ကိုဂျင်ပိ၊ Drum ကိုမရခိုင်၊ KB ကိုမျိုးဇော်   (သူနဲ့ကျွန်တော်နဲ့က Jude Box မှာကတည်းက အတူတူတီးလာခဲ့ကြတာပါ) တို့ ဖြစ်ပါတယ်။

 

ကိုနိုင်ဇော် ငယ်စဉ်ကနေပြီး အခုအချိန်ထိ (အထူးသဖြင့်) ဂီတသက်တမ်းတစ်လျောက်မှာ သင်္ကြန်နဲ့ ပတ်သက်တဲ့ အမှတ်တရလေး တွေအကြောင်း သိပါရစေ ?

သင်္ကြန်နဲ့ပတ်သတ်ရင် အမှတ်တရတွေကတော့ နှစ်တိုင်းလိုလိုပေါ့ တစ်မျိုးပြီးတစ်မျိုး တိုးနေတာပေါ့လေ-အများကြီးပါပဲ။ ငယ်ငယ်တုန်းက ကျွန်တော်ဖြစ်ဖူးတာလေး တစ်ခုပေါ့ ကျွန်တော်က ဂစ်တာတီးချင်တဲ့ သူလေ --- ကျွန်တော်တို့ ရပ်ကွက်ထဲမှာ State Show (၂) နှစ် လုပ်ဖူးတယ်၊ နောင်နှစ်ကျတော့ ကျွန်တော့် တီးဝိုင်း (SAS) က ပျက်သွားတယ်၊ အဲဒီဝိုင်းက Bassသမားနဲ့ ဒရမ်မာကို အခြားတီးဝိုင်းက ခေါ်သွားတယ်၊ ဘောလုံးစကားနဲ့ပြောရရင် ကလပ်ပြောင်းသွားတာပေါ့ဗျာ။ မှတ်မှတ်ရရ 1991 သင်္ကြန်မှာပါ။ ရေကျော်က ကျွန်တော့်ဝိုင်း (SAS) မှာ ကျွန်တော်တစ်ယောက်တည်း ကျန်ခဲ့တယ်။ တီးဝိုင်းကထောင်လို့မဖြစ်တော့ဘူး။ အဲဒါနဲ့ ကျွန်တော့်ဝိုင်းကို ဖျက်လိုက် ရတယ်။ ဒီအချိန်မှာ ကျွန်တော့်ဝိုင်းက Bass သမားနဲ့ Drummer က သူများဝိုင်းမှာ တက်တီးနေပြီး ရေလည်မိုက်နေကြတယ်။ ကျွန်တော်က အရမ်းတီးချင်နေတဲ့သူလေ--ကျွန်တော်လည်းစိတ်ညစ်ပြီး သင်္ကြန်မိုးကားထဲကကိုဇင်ဝိုင်းလို သူများတွေရေပက်ပြီးပျော်နေကြချိန်မှာ ကျွန်တော်က မဏ္ဍပ်တွေလျှောက်ကြည့်-- ကြေကွဲ၊ သဘောက မီးရထား ၀န်ကြီးဌာနမှာဆိုရင်လည်း Emperor က တီးနေတယ်။ ပန်းဆိုးတန်း လမ်းမကြီးမှာလည်း တီးဝိုင်း တွေက အရမ်းကောင်းတယ်၊ ကျွန်တော်လည်း သူများတီးဝိုင်းတွေလျှောက်ကြည့်ပြီးတော့ ကြေကွဲနေတာ ပေါ့ဗျာ၊ တီးလည်း အရမ်းတီးချင်တယ်၊ Professionalတော့ မဖြစ်သေးဘူး။ နောက်ဆုံးနေ့မှာတော့ ရေကျော်လည်းမပြန်ချင်သေးဘူး-ရေကျော်မှာက အခြားတီးဝိုင်းတွေတီးနေတော့ကိုယ်လည်းတီးချင်တယ်။ ဒါပေမယ့် ခက်တာက သင်္ကြန်ဆိုတာ လူတိုင်းပျော်နေကြတဲ့အချိန်၊ တက်ညီလက်ညီ ပျော်နေကြတဲ့အချိန် မှာ ကိုယ်တစ်ယောက်တည်း စိတ်ညစ်နေတာဆိုတော့ ကိုယ်က ဘယ်သူ့သွားတိုင်ပင်ရမှန်းလည်း မသိဘူး၊ နောက်ဆုံး -- မတတ်နိုင်ဘူးဆိုပြီး (ပပ၀င်း)ရုပ်ရှင်ရုံ (အဲဒီခေတ်တုန်းက ရှိသေးတယ်)မှာ ရုပ်ရှင်ဝင်ကြည့် မိတယ်။ သင်္ကြန်မြန်မြန်ပြီးဆုံးပါစေလို့လည်း ဆုတောင်းမိတယ်။ မခံစားနိုင်ဘူးဗျာ။ ဘာဖြစ်လို့လည်း ဆိုတော့ အနုပညာသမားတစ်ယောက်က အနုပညာအလုပ်တွေမလုပ်ရတာ တော်တော်ခံစားတယ်။ ရပ်ကွက်ထဲမှာ သူငယ်ချင်းတွေကလည်း ရေပက်ခံထွက်တဲ့ကားနဲ့ လည်ပတ်နေကြတယ်။ တွေ့တဲ့သူတွေ ကလည်း နိုင်ဇော် မတီးဘူးလား မတီးဘူးလားပဲ မေးနေကြတော့ မခံစားနိုင်ဘူးဗျာ--အဲဒါနဲ့သင်္ကြန်အတွင်း သူများတွေပျော်နေကြတဲ့ အချိန်မှာ နှစ်နာရီလောက်အချိန်ဖြုန်းဖို့အတွက် ရုပ်ရှင်ဝင်ကြည့်မိတော့တယ်။ ဟဲ ဟဲ ဟဲ --- ကျွန်တော်ထင်တယ်။ ရုပ်ရှင်ရုံထဲမှာလည်း သင်္ကြန်ကို ကိုယ့်လိုပဲ ကြေကွဲနေကြတဲ့သူတွေပဲ ဖြစ်လိမ့်မယ် ထင်တယ်။ ရုပ်ရှင်ရုံရဲ့ သုံးပုံ နှစ်ပုံလောက် ရှိမယ်။ တကယ်တော့ သင်္ကြန်ဆိုတာ ပျော်ရွှင်နေကြတဲ့သူတွေအတွက် အချိန်တောင်မလောက်ပါဘူး ---- ကုန်ဆုံးသွားမယ့်အချိန်တွေကို နှမျောနေကြမှာပါ။ (ရုပ်ရှင်ရုံထဲက ကျွန်တော်နဲ့ ဘ၀တူတွေကလွဲရင်ပေါ့။) အဲဒီလိုနဲ့ ရုပ်ရှင်ပြီးတဲ့အချိန် ညနေ 6း 00 လောက် မှပဲ ရုံထဲက ထွက်ခဲ့ပြီး စိတ်ညစ်ညစ်နဲ့ အိမ်ကိုပြန်ခဲ့တယ်။ ဒီအမှတ်တရလေး ကတော့ အမှတ်တရတွေထဲက အလှပဆုံး အမှတ်တရလေးပါပဲ။

 

သင်္ကြန်နဲ့ပတ်သက်ပြီး အခု ရွှေချိုးဖြူ အွန်လိုင်းမှတစ်ဆင့် လူငယ်တွေကို စကားလက်ဆောင်လေး ပြောပေးပါဦး။

သင်္ကြန်ဆိုတာ တကယ်တမ်းတော့  သုံးလေးရက်ပါပဲ။ ဒီသုံးလေးရက်အတွင်းမှာ အချို့ကျတော့ တအားကြီး မူးရူးပြီး ရေနစ်တာတို့၊ ကား အက်စီးဒင့် ဖြစ်တာတို့ ရှိတတ်ကြတယ်။ ဒါကြောင့်မို့လို့ နှစ်သစ်ကို ကူးပြောင်းတဲ့ အချိန်မှာ နည်းနည်းလောက်သတိလေးထားစေချင်ပါတယ်။ ဘာမှမဟုတ်ဘဲနဲ့ သတိလေးနည်းနည်းလွတ်သွားတာကြောင့် ဘ၀တစ်ခုလုံး ပျက်ဆီးသွားတာမျိုး မဖြစ်ပါစေနဲ့ပေါ့၊ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကို သင်္ကြန်ပွဲတော်တစ်ခုမှာ ဆုံးရှုံးဖူးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ပျော်တာ အလွန်အကျွံမဖြစ်ဘဲနဲ့ သောက်စားမူးယစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ခိုက်ရန်မဖြစ်ပွားဘဲ နှစ်ဟောင်းကို ပျော်ပျော်ရွှင်ဖြတ်သန်းပြီး နှစ်သစ်ကိုကြိုဆိုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 

ကျေးဇူးတင်ပါတယ် ... ။

Power by Duo-Motion