





‘ဘယ်လိုလဲနေကောင်းတယ်မဟုတ်လား?
မင်းရည်းစားကောင်လေးနဲ့ကော
မကြာခဏ စိတ်ကောက်
ကြတုန်းပဲလား?” အဲဒီလို
စကားစလိုက်တယ်
ဆိုရင်ပဲသူမျက်ခုံးတွေဆတ်ခနဲတွန့်ကွေးသွားကြပြီး
မလိုအပ်ဘဲ
အသံကျယ်ကျယ်နဲဟက်ခနဲရယ်ချလိုက်တယ်။
ပြီးတော့ ကျွန်တော့်လက်မောင်းကိုလှမ်းရိုက်ရင်း
"ရှင်ဟာလေ
အရင်အတိုင်းပဲ"
တဲ့။
ဒါပဲပေါ့။
ဒါဇင်ဝက်သာသာ
နှစ်သက္ကရာဇ်တွေက
လူတစ်ယောက်ကို
ထူးထူးခြားခြား
ဘယ်လောက်များ
ပြောင်းလဲ
သွားစေမှာမို့လို့လဲ။
သူတောင်မှခန္ဓာကိုယ်မှာ
အဆီတွေနည်းနည်းတိုးပြီး
ခေါင်းပေါ်ကဆံပင်တွေ
နည်းနည်းတို
သွားတာကလွဲရင်
လေယူလေသိမ်းနဲ့
ဟန်ပန်အမူအရာက
အရင်အတိုင်းပဲမဟုတ်လား။
သူဟာကျွန်တော့်အတွက်
စိတ်ဝင်တစား
လှန်ကြည့်ချင်စရာကောင်းပေမယ့်
ဘယ်တုန်းကမှ
အပိုင်ဝယ်သိမ်းချင်စရာ
ကောင်းလောက်အောင်
မဆွဲဆောင်နိုင်ခဲ့တဲ့
စာအုပ်တစ်အုပ်နဲ့တူတဲ့
မိန်းမပါ။
ဟင့်အင်းမဟုတ်သေးဘူး။
ကျွန်တော်ကိုယ်တိုင်က
ဝယ်မသိမ်းချင်ခဲ့တာပါ။
ဒီလိုစာအုပ်မျိုးဟာ
ဧည့်ခန်းမှာ
တကူးတကနေရာပေး
စင်ရိုက်ပြီးတင်ထားရမယ့်
စာအုပ်မျိုး
လို့သတ်မှတ်ခဲ့မိတာမဟုတ်လား။
“ယူအက်စ်ရောက်တုန်းက
လီဗိုင်းဘောင်းဘီတွေ-တွေ့တော့
ရှင့်ကိုသတိရသေးတယ်။
ရှင် ဘောင်းဘီတွေ
ဝတ်တုန်းပဲလား”
“စွဲစွဲမြဲမြဲပေါ့။
စိတ်အလိုမကျတဲ့အခါ
ကောင်မလေးတွေရဲ့မျက်နှာကို
စီးကရက်မီးခိုးနဲ့
မူတ်ထုတ်တဲ့
အကျင့်ကိုလည်း
ပြုပြင်လို့မရသေးဘူးလေ”
“ယုံပါတယ်၊
ဒါနဲ့ ရှင့်အကြေကောက်ကလေးနဲ့ကော
အဆင်ပြေရဲ့လား”
“ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာပါပဲ။
ကိုယ့်သားတောင်ဒုတိယတန်းရောက်ပြီလေ”
“အို”
ကျွန်တော်သိတာပေါ့။
ပျက်ယွင်းသွားတဲ့သူ့မျက်နှာက
တစ်ခုခုကို
ရှုံးနိမ့်သွားသလိုမျိုး၊
တစ်စုံတစ်ရာအတွက်
မနာလိုဖြစ်သွားသလိုမျိုး
ခံစားသွားရတယ်ဆိုတာ။
မတွေ့တာကြာလို့
လက်ရည်တက်လာမလား
အောက်မေ့ပါတယ်။
သူဘာမှမတိုးတတ်သေးပါလား။
ပါမောက္ခတစ်ယောက်
အရှုံးပေးရလောက်မယ့်
အသိပညာတွေနောက်ကို
တကောက်ကောက်လိုက်ခဲ့ပေမယ့်
စိတ်ခံစားမူကတော့
တက္က္ကသိုလ်ကျောင်းသူ
အဆင့်မှာပဲ
ရှိနေပါသေးလား။
ပြောတော့ဖြင့်
ရှေ့ကဦးဆောင်ချင်သတဲ့။
ခေါင်းဆောင်မူပေးမယ့်မိန်းမက
ခံစားမူက အလယ်တန်းတောင်
မအောင်သေးပါလား။
သူဘာဖြစ်လို့
ခုလိုဖြစ်နေရတာလဲ။
ကျွန်တော်သိတာပေါ့။
အချိန်ကာလတွေကို
အခွေတစ်ခွေ
နောက်ပြန်ရစ်သလို
ရစ်လို့ရမယ်ဆိုရင်
လွန်ခဲ့တဲ့ဆယ်စုနှစ်
တစ်စုစာကာလတွေကို
မြင်ယောင်ကြည့်လိုက်ပါ။
အဲဒီတုန်းကကျွန်တော်တို့နှစ်ယောက်
စတွေ့ခဲ့ ကြတာပေါ့။
လောကမှာ
တွဲစားမကောင်းတဲ့အရာတွေရှိသလို
အတူတကွ ယှဉ်တွဲမထားကောင်းတဲ့
အရာတွေလည်း
ရှိတယ်ဆိုရင်
သူနဲ့ ကျွန်တော်
ရှေ့ဆုံးက
ပါပါလိမ့်မယ်။
ကျွန်တော်တို့နှစ်ယောက်ဟာ
ဝါဒရေးရာမှာတော့
၃နဲ့၎ပါဘဲ။
ဒါနဲ့တောင်
ကမ္ဘာလောကကြီးရဲ့
ထောင့်ကျဉ်းလေးတစ်ထောင့်မှာ
လာရောက်တွေ့ဆုံခဲ့တဲ့
ကံကြမ္မာရဲ့
မခိုးမခန့်နိုင်မှုကို
ကျွန်တော်ကတော့
တအံ့တသြ ရယ်မောခဲ့မိပါရဲ့။
ပညာကိုငန်းငန်းတက်ကိုးကွယ်ပြီး
မာနတွေကို
ဟိုးကောင်းကင်ထက်မှာ
ချိတ်ထားချင်တဲ့
မိန်းမ တစ်ယောက်နဲ့မှ
ကျွန်တော့်ဖူးစာကလည်း
တိုက်တိုက်ဆိုင်ဆိုင်လာဆုံရတယ်လို့။
သူဟာ လူတွေအားလုံး
ပညာတတ်မဖြစ်တာကို
မချင့်မရဲ
ဖြစ်နေတတ်သလို
လူငယ်တွေ လက်ဖက်ရည်ဆိုင်ထိုင်တာကိုလည်း
အလဟဿအချိန်ဖြုန်းတီးမှု
တစ်ခုလို့
ယူဆနေတတ်သူပါ။
ကျွန်တော့်ကိုလည်း
ပညာရပ်ဆိုင်ရာစာအုပ်တွေကို
ဝါးစာသလိုဖတ်ခိုင်းတော့တာပါပဲ။
သူနဲ့မတည့်တဲ့ထဲမှာ
အဲဒီကိစ္စတွေလည်းရှေ့ဆုံးကပါပါတယ်။
‘ဟေ့မေးနေတယ်လေ---ကျွန်မပေးထားတဲ့စာအုပ်
ဖတ်ပြီးသွားပြီလား’
‘ဖတ်နေပါတယ်၊
အချိန်တန်တော့ပြီးသွားမှာပေါ့’
‘အခုဘယ်အခန်းရောက်နေပြီလဲ’
‘ချာပတာဝမ်း’
‘ဘုရားရေဒီလောက်ရက်တွေကြာနေတာတောင်
အခန်းတစ်က
မတက်သေးဘူးလား၊
တစ်နေ့ကို
နှစ်ခန်း သုံးခန်းတော့
ကျအောင်ဖတ်မှပေါ့ရှင့်၊
ဒီပုံနဲ့သာဆိုရင်
ဝတ်မှုန်မျိုးပွားမှု
ပညာအကြောင်း
ရှင်ဘယ်တော့နားလည်မှာလည်း’
‘အချိန်တန်တော့သူ့အလိုလိုဖြစ်သွားမှာပေါ့အမျိုးသမီးရဲ့၊
ဘာဖြစ်လို့ဒီလောက်တောင်လောနေရတာလ၊ဲ
ဘာလဲ ကမ္ဘာကြီးက
မနက်ဖြန်ပျက်တော့မှာမို့လား၊
ပြီးတော့အဲဒီပညာရပ်တွေကိုနားမလည်တော့ကော
လောကကြီးမှာ
နေလို့မရတော့ဘူးတဲ့လား’
‘ဟယ်ရိုင်းလိုက်တာ’
အဲဒါပါပဲ။အဲဒီမှာစတွေ့တာပါပဲ။
သူကပညာတတ်စကားပြောလေ
ကျွန်တော်ကရွဲ့လေနဲ့
မုန့်လုံးစက္ကူကပ်ကြတော့တာပါပဲ။
သူကဂျာမန်စကားတြေတက်ဖို့
အဖော်စပ်တယ်။
ကျွန်တော်က
အဘိဓမ္မာသင်တန်းမှာ
နှစ်ယောက်စာ
စာရင်းပေးတယ်၊
သူက ပတ်ဝန်းကျင်ထိန်းသိမ်းရေး
အကြောင်းပြောတယ်၊
ကျွန်တော်က
တစ်ခါသုံးတူလုပ်တဲ့
စက်အကြောင်းပြောတယ်။
အဲဒီတော့ ရှင်ဟာတော်တော်ပုန်ကန်ချင်စိတ်
အပြည့်ရှိတဲ့
ဘိုဟီးမီးယမ်းလို့
သူကျွန်တော့်ကိုစွပ်စွဲတော့တာပါပဲ။
ကျွန်တော်ဟာ
ပညာတတ်ဆန့်ကျင်ရေးသမားမဟုတ်ပဲ
ပညာကိုမြတ်နိုးသူဖြစ်ပေမယ့်
လိုအပ်တာထက်
ရှေ့တန်းတင်
လွန်းတာကိုသာ
ယားကျိကျိဖြစ်တတ်သူပါ။
ကမ္ဘာကြီးလည်ပတ်နေတာဟာ
အသိပညာ အတတ်ပညာတွေကြောင့်
မဟုတ်ပါဘူးလို့
ကျွန်တော်ပြောတော့
သူက ဒါဆိုရင်ဘာကြောင့်လဲလို့မေးတယ်။
‘သဘာဝတရားကြောင့်ပေါ့၊
ပညာတွေမိုးပျံအောင်တတ်ပါစေ၊
သဘာဝတရားကိုတော့
ဘယ်သူမှ ကျော်လ္ပွှားလို့မရဘူး၊
သဘာဝရဲ့ အကန့်အသတ်ထဲမှာသာ
ရှင်သန်ကြရတာ။
လူဆိုတာအချိန်တန်
အရွယ်ရောက်ရင်ရည်းစားထားမယ်၊
အိမ်ထောင်ပြုမယ်၊
မျိုးဆက်ပြန့်ပွားမယ်၊
အဲဒီအတွက်
ဘယ်သူမှကိန်းဘရစ်က
ဘွဲ.တစ်ခုရစရာမလိုဘူး။
ဘာသာစကား လေးမျိုး
တတ်စရာမလိုဘူး၊
ဝတ်မှုန်မျိုးပွားပညာ
တတ်စရာမလိုဘူး'
‘ဒါပေမဲ့ဘ၀ဆိုတာ
အိမ်ထောင်သားမွေးကိစ္စနဲ့တင်
ပြီးတာမဟုတ်ဘူးလေ၊
လောကကြီးတိုးတက်ရာ
တိုးတက်ကြောင်း
အတွက် တခြား
ကိစ္စတွေ လုပ်စရာရှိသေးတယ်။
အဲဒီအတွက်လူတိုင်း
ပညာမတတ်သင့်ဘူးလား’
‘တတ်သင့်တာပေါ့၊
တတ်ရင်ကောင်းတာပေါ့၊
ဒါပေမယ့် လူတွေအားလုံး
တစ်တန်းတစ်စားတည်း
ပညာတတ်ဖို့ဆိုတာက
ဘယ်လိုမှမဖြစ်နိုင်ဘူး၊
လူတွေကိုတန်းတူညီဖို့ဆိုတာမျိုး
မတွေးသင့်ဘူး၊
အထူးသဖြင့်
မင်းလိုဗုဒ္ဓဘာသာမြန်မာအမျိုးသမီးက
ပိုပြီးမတွေးသင့်ဘူး၊
အဲဒီအတွေးမျိုး
လီနင်လည်းတွေးဘူးတယ်၊
စတာလင်လည်း
တွေးဘူးတယ်၊
ဒါပေမယ့်မဖြစ်နိုင်ဘူး’
သူကတန်းညှိလို့မရအောင်
လူတိုင်းပညာတတ်ဖြစ်အောင်
လေ့ကျင့်သင်ကြားလို့
ရတယ်လို့ ယုံကြည်နေပြန်တယ်။
သူအဲလိုယုံတာကို
အပြစ်တော့မဆိုသာဘူး၊
ဘာလို့ဆို
ကျွန်တော်နဲ့တွေ့တဲ့အချိန်မျိုးမှာတောင်
အိတ်ဆောင်အဘိဓာန်ကိုယူလာပြီး
စကားလုံးဆယ်လုံးရအောင်ကျက်နေတတ်လို့ပါ။
ဒါပေမယ့်ပါရမီမပါရင်
တစ်နေ့ကို
နာရီနှစ်ဆယ်လေ့ကျင့်သင်ကြားပါစေ။
အိုင်းစတိုင်းမဖြစ်နိုင်သလို
တိုက်ဂါးဝုဒ်နဲ့ဒေးဗစ်ဘက်ခမ်းလည်း
မဖြစ်နိုင်ပါဘူး။
ပြီးတော့
အိမ်ထောင်ရေးဆိုတာ
ပါလီမန်အမတ်ရွေးတာမဟုတ်သလို
တက္ကသိုလ်ဂုဏ်ထူးဆောင်
နာယကခန့်ထားတာလည်းမဟုတ်တဲ့အတွက်
ဘွဲ့တွေတစ်ဒါဇင်လောက်ရလည်း
အိမ်ထောင်ရေးသာယာမယ်လို့
အာမမခံနိုင်ကြောင်း
ကျွန်တော်ရှင်းပြတော့
သူကခပ်ဟဟရယ်ပါတယ်။
‘ဘယ်သူကအိမ်ထောင်ရေးအကြောင်းကိုပြောနေလို့လဲ’
‘မင်းအိမ်ထောင်မပြုတော့ဘူးလား’
‘ကျွန်မစဉ်းစားဦးမယ်’
သူကအနိုင်ပိုင်းလိုက်နိုင်သူတစ်ယောက်လို
တစ်ဝိုင်းလုံးဆွဲစားလိုက်နိုင်သူ
တစ်ယောက်လို
ပမာမခန့်ပြုံးပါတယ်။
ဒါပေမယ့်သူမနိုင်ပါဘူး။
သူဒီလိုရိုက်ချလိမ့်မယ်ဆိုတာကို
ကျွန်တော်ကြိုမျှော်လင့်ထားမိလို့ပါ။
‘အချိန်ကုန်ခံစဉ်းစားမနေပါနဲ့၊
မင်းအိမ်ထောင်မပြုရဲပါဘူး၊
အဲဒါကို ကိုယ့်ရဲ့တစ်နှစ်စာလုပ်ခနဲ့
ပုံလောင်းရဲတယ်၊
မင်းဘယ်တော့မှ
အိမ်ထောင်ပြုဖြစ်မှာမဟုတ်ဘူး၊
ဘာဖြစ်လို့လဲသိလား၊
မင်းကြောက်နေလို့ပေါ့၊
အဘက်ဘက်က အောင်မြင်နေတဲ့
မိန်းမတစ်ယောက်ဟာ
အိမ်ထောင်ရေးကျမှ
အဖျားရှုးပြီးကျဆုံးသွားမှာစိုးလို့ပေါ့။
အဲဒီစွန့်စားမှု(ရစ်စ်ခ်)ကို
မင်းဘယ်တော့မှယူရဲမှာမဟုတ်ဘူး၊
ဒါပေမယ့်တစ်ချိန်ထဲမှာပဲမင်းဟာ
အများသူငါလို
ကိုယ့်အိုးကိုယ့်အိမ်
ကိုယ့်မိသားစုနဲ့နေချင်တဲ့စိတ်နဲ့
တစ်သက်လုံး
ကျိန်စာမိသွားရလိမ့်မယ်။
ကိုယ်ပြောတာယုံ’
သူဟာ မျက်နှာတစ်ခုလုံးနီရဲသွားပြီး
ခပ်တိုးတိုးကျိန်ဆဲလိုက်တယ်။
ပြီးမှ ကမန်းကတန်းမေးပါတယ်။
ရှင်ဘာဖြစ်လို့
အဲဒီလောက်
သေချာနေရတာလဲတဲ့။
ကျွန်တော်ရိုးရိုးလေးဖြေလိုက်တယ်။
‘ကိုယ်ဟာမင်းရဲ့စိတ်ကိုဖတ်နိုင်နေလို့ပေါ့။
မင်းဘာသာ ဘွဲ့တွေဘယ်လောက်ယူထားယူထား
ကိုယ်ဟာ သဘာဝ
အတန်းပညာမှာ
အမြဲတမ်းမင်းထက်တစ်တန်းကြီးတယ်။
အဲဒါကိုတော့မယုံမရှိနဲ့’
အဲဒီနောက်ပိုင်း
ကျွန်တော်တို့နှစ်ယောက်ဟာ
တဖြည်းဖြည်းအတွေ့ကျဲသွားကြသလို
အသည်းတွေလည်း
ပိုမာခဲ့ကြတယ်။
သူကသင်တန်းတွေ
တစ်ခုပြီးတစ်ခုတက်ပြီး
ကျွန်တော်ကတော့ကောင်မလေးတွေတစ်ယောက်ပြီးတစ်ယောက်
တွဲဖြစ်ခဲ့တယ်။
ကျွန်တော့်ဘေးမှာ
ကျွန်တော်ရဲ့စီကရက်ငွေ့
ရှူခွင့်ရတဲ့သူတွေထဲမှာ
သူ့လိုပညာတတ်မိန်းမ
တစ်ယောက်မှမပါစေခဲ့ဘူး။
တော်ရုံတန်ရုံဘွဲ့တစ်ဘွဲ့ဆိုတော်ရောပေါ့။
မလိုအပ်ပဲအမြီးတွေရှည်စရာမလိုပါဘူး။
ကျွန်တော့်အမြင်တော့
ထက်မြက်ပြီး
ပညာတတ်လွန်းတဲ့မိန်းမတွေဟာ
တံခါးခြောက်ပေါက်ကားကြီးတွေလိုပဲ။
တီဗီပါတယ်။
ရေခဲသတ္တာပါတယ်၊
အစည်းအဝေးတောင်ကျင်းပလို့ရတယ်
ဆိုတဲ့ ကာဒီလက်ကားကြီးတွေလိုမျိုးပေါ့။
အပိုဆာဒါးတွေနဲ့
မလိုအပ်ဘဲလေးလံနေတယ်လို့
ကျွန်တော်တော့ထင်တာပဲ၊
ကားတစ်စီးဟာ
ပေါ့ပေါ့ပါးပါး
မောင်းနှင်လို့ရမယ်၊
သက်သောင့်သက်သာစီးနင်းလို့ရမယ်ဆို
တော်ပြီပေါ့၊
ဘာလို့အကျယ်ချဲ့နေမှာလဲ။
တစ်ခုတော့ရှိတာပေါ့။
သူဟာကိုဖီအာနန်တို့
ဘန်ကီမွန်းတို့ရဲ့နေရာကို
ချိန်ရွယ်နေတယ်ဆိုရင်လည်း
ဘွဲ့တွေတစ်ခုပြီးတစ်ခုထပ်ယူပါစေပေါ့။
ကျွန်တော်ကတော့
ကျွန်တော်အပေါ်နားလည်တဲ့
ကောင်မလေးကိုပဲ
လက်ထပ်ယူခဲ့ပါတယ်။
ကျွန်တော်တို့လက်ထပ်ပွဲကို
သူရောက်မလာပါဘူး။သူ
နှစ်တွေတစ်နံတစ်လျားမဟုတ်ပေမယ့်
ကျွန်တော်ဒိုင်ယာရီမှတ်တမ်း
ခုနစ်အုပ်လောက်မှာ
သူပါဝင်ခွင့်မရခဲ့ပဲ
ခုမှတိုက်တိုက်ဆိုင်ဆိုင်
လာရောက်ဆုံဆည်းကြတာပါ။
သူ့ခန္ဓာကိုယ်မှာ
အသားတွေနည်းနည်းတိုးပြီး
သူ့မျက်နှာမှာ
ရင့်ကျက်မှုတွေ
ပိုပြီးပြည့်စုံလာခဲ့ပေမယ့်
ကျွန်တော်သိတဲ့သူဟာ
ထူးထူးခြားခြားမပြောင်းလဲသေးပါဘူး။
အရင်ကလိုပဲဆံပင်တိုတိုနဲ့
သွက်လက်ပေါ့ပါးပြီး
ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိပုံအပြည့်နဲ့ပေါ့။
ပြောရရင်
ကာဒီလက်ဆိုတဲ့အမှတ်တံဆိပ်ကို
အဝေးကတောင်
ထင်းကနဲမြင်နိုင်ပါတယ်ဆိုတဲ့
ဟန်ပန်နဲ့ပါ။
သူ့ကို စာအုပ်တစ်အုပ်လိုသဘောထားခဲ့တဲ့ကျွန်တော်ဟာ
အဆုံးထိဖတ်ဖို့
စိုးရွံ့ခဲ့တာများလားလို့တောင်
ကိုယ့်ကိုယ်ကိုယ်
ဇဝေဇ၀ါဖြစ်လာစေခဲ့ပါသေးတယ်။
‘စီးကရက်ကိုဟိုဘက်လှည့်သောက်စမ်းပါ။
ဖြစ်နိုင်ရင်မသောက်ဘဲမီးသတ်လိုက်တော့၊
ဒါနဲ့ပြောစမ်းပါဦးရှင့်၊
သားကရှင်နဲ့တူရဲ့လား’
‘အင်း same chip ပေါ့။တစ်ပုံတည်းပဲ’
‘ဒါဆိုကျွန်မဗေဒင်ဟောလိုက်မယ်၊
ရှင့်လိုပဲသူပုန်စိတ်အပြည့်နဲ့
ဂျစ်ကန်ကန်လေးဖြစ်ရမယ်၊
ဘယ့်နှယ်လဲ’
‘အင်းဖြစ်နိုင်ပါတယ်’
‘ဒါနဲ့
ရှင်ကျွန်မကို
စကားကြွေးဆပ်စရာ
တစ်ခုရှိသေးတယ်နော်၊
ရှင်ဟာသဘာဝအတန်းပညာမှာ
ကျွန်မထက်
အမြဲတစ်တန်းကြီးခဲ့တယ်ဆိုတာလေ၊
အဲဒါကိုရှင်းစမ်းပါဦး’
သူမမေ့သေးပါလား---
ဒါမှမဟုတ်ခုမှ
ကောက်ကာငင်ကာသတိရသွားရတာများလား။
ဆိုပါစို့---ကျွန်တော့်မှာ
သားလေးတစ်ယောက်ရှိတယ်ဆိုတာကို
သိသွားပြီး
မခံချင်ဖြစ်ရင်းနဲ့ဖြစ်ဖြစ်ပေါ့။
ဘာကြောင့်ပဲဖြစ်ဖြစ်ပေါ့
အဲဒီမေးခွန်းကို
မေးလာဖော်ရတဲ့အတွက်တော့
ကျွန်တော်ဝမ်းသာရပါတယ်။
‘ကိုယ်ပြောခဲ့ဖူးသလိုပါပဲ။
လူဆိုတာသဘာဝနဲ့အတူ
လိုက်လံကြီးပြင်းရတယ်။
ကျောင်းပြေးသင့်တဲ့အရွယ်မှာ
ကျောင်းပြေးပြီး
အလုပ်လုပ်သင့်တဲ့အရွယ်မှာ
အလုပ်လုပ်ရမယ်၊
အိမ်ထောင်ပြုသင့်တဲ့အရွယ်၊
မျိုးဆက်ပြန့်ပွားသင့်တဲ့အရွယ်တွေမှာလည်း
လိုအပ်ချက်အတိုင်းပြုမူရမှာပါပဲ။
ဒါမှကြီးပြင်းရင့်ကျက်တယ်လို့ခေါ်တယ်’
‘ဒါဖြင့်ကျွန်မကမရင့်ကျက်သေးဘူးပေါ့’
‘အမှန်ပဲ---မင်းကိုယ့်လိုရင့်ကျက်ဖို့
အဆင့်နှစ်ဆင့်လောက်လိုနေသေးတယ်၊
မင်းရဲ့လက်အောက်က
အမျိုးသမီးလေး
တစ်ယောက် မီးဖွားခွင့်တင်တာကို
မင်းအပြည့်အဝ
လိုက်လျောနားလည်ပေးနိုင်ဖို့အတွက်
မင်းကိုယ်တိုင်
အဲဒီအဆင့်ကို
ကျော်ဖြတ်ပြီးမှဖြစ်နိုင်မယ်၊
စာအုပ်တွေဖတ်ပြီး
ခံစားလို့ရတယ်လို့တော့
လာမပြောနဲ့၊
အဲဒါကအတုအယောင်ပဲ၊
လူ့ဘ၀ကိုအပြည့်အ၀နားလည်ဖို့
အိမ်ထောင်သည်ဘ၀ကို
မဖြတ်သန်းဘူးဘဲ
ဘယ်လိုမှမဖြစ်နိုင်ဘူး၊
မင်းဘာသာပညာတွေ
ဘယ်လောက်ပဲတတ်တတ်
လူပီသတဲ့အစစ်အမှန်ခံစားမှုဆိုတာ
တကယ့်လောကရဲ့
အတွေ့အကြုံတွေကသာ
ပေးနိုင်တာ၊
ကိုယ်ထင်တယ်လေ၊
လူ့မျိုးနွယ်မိသားစုတစ်စုကို
ဦးဆောင်မယ့်သူဟာ
အပျိုကြီး
လူပျိုကြီးများ
ဖြစ်လို့ကတော့
အဲဒီမိသားစုဟာ
အပြည့်အ၀တိုးတတ်မှုကို
ဘယ်တော့မှမရောက်နိုင်ဘူး’
‘ကျွန်မ မယုံဘူး’
‘မင်းယုံမှာမဟုတ်ဘူးဆိုတာ
ကိုယ်သိတယ်၊
မင်းကိုယ်တိုင်
အိမ်ထောင်သည်ဘ၀ကို
မရောက်မချင်း
ဘယ်တော့မှလက်ခံမှာ
မဟုတ်ဘူး၊
မင်းအိမ်ထောင်သည်ဖြစ်လာတော့မှသာ
တစ်ချိန်တုန်းကမာနထားခဲ့တာတွေ၊
မလိုအပ်ပဲအရေပြားပါးခဲ့တာတွေဟာ
အလကားပါလားဆိုတာ
သဘောပေါက်လာလိမ့်မယ်၊
အဲဒီကျမှတော့
ဒါလူတွေပြောပြောနေတဲ့
လူ့ဘ၀ဆိုတာဒါပါလားလို့
နားလည်လာလိမ့်’
သူ့မျက်နှာကိုကြည့်ရုံနဲ့
ကျွန်တော့်စကားတွေအပေါ်
သူအပြည့်အဝ
လက်မခံနိုင်ဘူးဆိုတာ
သိသာလှပါတယ်။
ခုလက်မခံလည်း
တစ်ချိန်ချိန်တော့သူလက်ခံလာမှာပါ။
ဒါပေမယ့်အဲဒီအချိန်ကိုသူကြုံနိုင်ပါ့မလား။
ခုဆိုသူနဲ့ကျွန်တော့်ကြားက
အသိအမြင်ကွာဟမှုဟာအတော့်ကိုကြီးမားနေခဲ့ပြီ။
အဲဒီလိုကြီးမားသွားရတာဟာ
ကျွန်တော်ကရပ်ကျန်ခဲ့ပြီး
သူကသွားနေလို့လား။
ဒါမှမဟုတ်
သူကျန်ရစ်ခဲ့ပြီးကျွန်တော်ကသွားနေလို့လား။
အဲဒါကိုရောသူတွေးမိပါ့မလား။
တအောင့်ကြာတော့
ကျွန်တော်တို့နှစ်ယောက်
နှုတ်ဆက်ပြီးလမ်းခွဲခဲ့ကြတယ်။
အတော်ဝေးဝေးရောက်မှလှည့်ကြည့်တော့
သူ့ကိုမှုန်ပျပျပဲတွေ့မြင်ရပါတော့တယ်။
ထက်မြက်ပြီးပညာတတ်သူတစ်ယောက်ရဲ့
မျိုးဆက်သွေးတွေ
လူ့လောကကြီးထဲပေါက်ဖွားလာခဲ့ရင်ဖြင့်
အတော်ကို အကျိုးရှိမှာပါ။
သူ့ရဲ့အိမ်ထောင်ဖက်ဟာ
သူ့လိုပညာတတ်တစ်ယောက်ဖြစ်ခဲ့ရင်
ကောင်းပါတယ်။
တကယ်လို့ပညာမတတ်လည်း
အကြောင်းတော့မဟုတ်ပါဘူး။
ရှုံးမှာကိုကြောက်ပြီး
မကစားပဲနေရင်
ကစားဝိုင်းအပြင်ဘက်ကို
ရောက်မှန်းမသိ
ရောက်သွားတတ်ကြောင်း
သူ့ကိုကျွန်တော်ရှင်းပြချင်ပါသေးတယ်။ ။